မော်လမြိုင် ၁၇ ဧပြီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ အကျဉ်းထောင်စခန်း အသီးသီးရှိအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း(၂၄၈၉၆)တို့အား စည်းကမ်းသတ်မှတ်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သဖြင့် မော်လမြိုင်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော အကျဉ်းသား၊ အကျဉ်းသူ(၁၄၂)ဦး၊ ကျိုက်မရောအကျဉ်းထောင်မှ(၁၅၅)ဦး၊ စုစုပေါင်း(၂၉၇)ဦးတို့ကို မော်လမြိုင်ဘူတာကြီးမှ အမှတ်(၉၀)အစုန်အမြန် လူစီးရထားဖြင့်တင်ဆောင်၍ ဧပြီလ(၁၇)ရက်နေ့ နေ့လည်(၁၂)နာရီက ထွက်ခွာသွားပြီး ၎င်းလူစီးအမြန်ရထားသည် ဇင်းကျိုက်ဘူတာမှအကျဉ်းသား၊ အကျဉ်းသူ(၃၀၇)ဦး၊ တောင်စွန်းဘူတာမှ(၅၉)ဦး၊ သထုံဘူတာမှ(၂၅)ဦး၊ ပဲခူးဘူတာမှ(၁၀၀)ဦးတို့ကို ဆက်လက်တင်ဆောင်၍ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ဘူတာကြီးတွင် အမှတ်(၉၀)အစုန်အမြန် လူစီးရထားဖြင့် လိုက်ပါစီးနင်းကြမည့် အကျဉ်းသား၊အကျဉ်းသူများကိုလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်၊ မော်လမြိုင်ရထားရဲတပ်ဖွဲ့တပ်ခွဲ(၁၅)မှတပ်ခွဲမှူး ဒုရဲမှူးကျော်ဇေယျနှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ကြပြီး အလှူရှင်များကအကျဉ်းသား၊ အကျဉ်းသူ(၂၉၇)ဦးကို ထမင်းထုပ်၊ ရေသန့်၊(mask)၊ ကွမ်းယာ၊ ဆေးလိပ်၊ မုန့်၊ အချိုရည်များဖြင့် လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွဋ်(မော်လမြိုင်)