မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ PDF အမည်ခံ အကြမ်းဖက်သမားများအား လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် သတင်းအရ ကဒါရဲကင်းစခန်း၏ အရှေ့ဘက် မီတာ ၃၀၀ ခန့်အကွာ၌ စောင့်ဆိုင်းနေစဉ် ချောင်းနှစ်ခွ- မုဒုံလမ်းအတိုင်း မသင်္ကာဖွယ်အမျိုးသား  ၂ ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၁ စီးအား  တားဆီးရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မုဒုံဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ အမှတ်(၁၀) နေ ဉာဏ်ထက်ကို (၂၁) နှစ်နှင့် မော်လမြိုင်မြို့၊ ဘက်လှိုင်ရပ်ကွက်နေ စည်သူဖြိုး (၂၂) နှစ် တို့အားဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ PDF အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် စာရွက်စာတမ်းများ၊ ၎င်းတို့ ကိုင်ဆောင်သည့် ဖုန်းများအတွင်းမှ PDF အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား တွေ့ရှိခဲ့ရသည်။

 

ဖမ်းဆီးရမိသူများအား ထပ်မံစစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့နှင့် ဆက်စပ်သည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ (၃) လမ်းရှိ အငှားတိုက်ခန်းတွင် ရောက်ရှိလျက်ရှိကြောင်း သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် သွားရောက်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အဆိုပါ တိုက်ခန်း၏အရှေ့သို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်နေ ဦးကျော်မိုး (၃၁) နှစ်နှင့် ဇေယျာသီရိရပ်ကွက်နေ ဦးဟိန်းကိုဦး (၃၂) နှစ် တို့တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

 

၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းလျက်ရှိသည့် အဆောက်အဦအား ဝိုင်းပတ်ပိတ်ဆို့ထားရှိပြီး ဇေယျာ (၃) လမ်းရှိ လူနေအိမ်များမှ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် ဘေးလွတ်ကင်းသည့် နေရာသို့ ရွှေ့ပြောင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အမည်ခံအကြမ်းဖက်သမားများအား လက်နက်ချအညံ့ခံရန် ပြောဆိုခဲ့ရာ လက်နက်ချခြင်းမရှိဘဲ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများဖြစ်သည့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ သန့်ဇင်လင်း (ခ) မျက်နှာမဲ (၁၈) နှစ်၊ ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက်နေ ဇော်ထက်အောင် (ခ) ဆံရှည် (၃၀) နှစ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ ကျော်သက်ဦး (၂၂) နှစ်၊  ဖြိုးကိုအောင် (၂၃) နှစ်၊ ထက်အောင် (ခ) သခေါ (၂၀) နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နေ နှင်းကလျာ (ခ) ပိုးလေး (၁၆) နှစ် တို့အားတူရကီနိုင်ငံထုတ် Zoraki အမျိုးအစား ပစ္စတိုသေနတ် ၂ လက်၊  ချက်စ်နိုင်ငံထုတ် CZ  အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅၂ တောင့်၊ ပစ္စတို ကျည်အိမ် ၃ ခု၊  ယမ်းဗူး ၅ ဗူး၊ ဒေသန္တရ လက်လုပ်မိုင်း ၉ လုံး၊ ပစ္စတို အပစ်လက်ကိုင် ၁ ခု၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဆက်စပ်ပစ္စည်းများအားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ဖမ်းဆီးရမိ PDF အမည်ခံ အကြမ်းဖက်သမား  အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦးတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူစေလျက်ရှိသည်။ အဆိုပါဒဏ်ရာ ရရှိခဲ့သည့် အပြစ်မဲ့ပြည်သူ ၂ ဦးအနက် ဦးဟိန်းကိုဦး (၃၂) နှစ်သည် ဆေးကုသမှု ခံယူနေစဉ်အတွင်း ရရှိဒဏ်ရာများဖြင့် ည ၈ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 

ဖမ်းဆီးရမိ PDF အမည်ခံအကြမ်းဖက်သမားများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင် ပါကြောင်းနှင့် မြို့/ရွာများ အမြန်ဆုံး တည်ငြိမ်းအေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားကြောင်း   သတင်းရရှိသည်။

 

သတင်းစဉ်