မော်လမြိုင် ဇွန် ၁၂

 

နှစ်(၃၀) ပြည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွေးလှူရှင်များ တက်ရောက်သည်။ ဦးစွာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးနှင့် ကွပ်ကဲမှုအောက် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် စုပေါင်း သွေးလှူဒါန်းကြ မည့်ဝန်ထမ်းများအား ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေး အုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးကြသည်။

 

ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့က ဝန်ထမ်း ၁၅ ဦး စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးပြီး အလှူငွေ၊ အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။ ထို့နောက် စုပေါင်း သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာနိုင်ဦးက ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းထံ ပေးအပ်ခဲ့သည်။

ခရိုင်(ပြန်/ဆက်)