မော်လမြိုင် ဖေဖော်ဝါရီ ၉
မော်လမြိုင်မြို့ ရွှေတောင်ကျောင်းတိုက် ကုန်တင်ဓာတ်လှေကား၊ ရေကန်တော်ကြီး၊ ကနုတ်ခုံကြီးများ၊ ဝတ်တော်ကြီးမွမ်းမံ ဆေးသုတ်လှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်က ရွှေတောင်ကျောင်းတိုက်ဓမ္မာရုံ၌ကျင်းပသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး တက်ရောက်လာသော မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်အပေါင်းတို့က ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက ဆရာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် အလှူရှင်များအား ရွှေတောင်ကျောင်း ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


