မော်လမြိုင် အောက်တိုဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲကြီးကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယခုနှစ် (၁၈၇)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲကို အော်တိုဘာ ၃ ရက် နံနက်ပိုင်းက ပြည်နယ်သာသနာ့ဗိမာန်တော်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် အလှူရှင် ပြည်သူများ စုပေါင်းလောင်းလှူကြသည်။
အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲကြီးတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ သြဝါဒဆရာတော် ကြီးများ အပါအဝင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် ငါးပါးတို့က ကျောင်းတိုက်များကိုယ်စား ဝါဆိုသံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များ ဆွမ်းဝေယျာဝစ္စအဆင်ပြေစေရန် မြို့တွင်း တစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ခဲ့ရာ စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်တော်များကို ကုသိုလ်ယူ လောင်းလှူခဲ့ကြသည်။
မွန်ပြည်နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူပွဲကြီးကို မော်လမြိုင် မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၄၅၂ ကျောင်းမှ ရဟန်း ၃၅၇၇ ပါး၊ သာမဏေ ၂၈၉၄ ပါးနှင့် သီလရှင် ၁၃၂၀ ပါးတို့အတွက် ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)