မော်လမြိုင် အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေ တန်ဖိုးနှင့် အပင်တန်ဖိုး ပေးလျော်သည့် အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က “ပြည်နယ်၏ တိုင်းရင်းသား ယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန် လိုအပ်သည့် မြေဧက ၂ဝ အား စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ပေး သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ကြည်စည်းလုံးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ကာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ထွန်းကား ပြန့်ပွားရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်” ပြောကြားသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခင်မောင်ဦးက တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန် မြေစွန့်လွှတ်ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားပြီး မော်လမြိုင်မြို့၊ မင်းရွာရာဘာခြံမှ မြေဧက ၂ဝ အတွင်း စိုက်ပျိုးထားသည့် ရော်ဘာပင်များအတွက် ဌာနပိုင် မြေတန်ဖိုးနှင့် အပင်တန်ဖိုး လျော်ကြေးငွေများကို အမှတ်(၂၇) စက်မှုကုန်ကြမ်းဌာနနှင့် အကျိုးတူ လုပ်ငန်းရှင်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)