မော်လမြိုင်   ဖေဖော်ဝါရီ    ၅

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့နယ်အတွင်း အများပြည်သူ အပန်းဖြေ အနားယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မည့် နေရာကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်- ၁၉ အလွန် ကာလများတွင် အများပြည်သူ စိတ်လက်အပန်းဖြေ အနားယူရန်နှင့် လေကောင်းလေသန့်ရရှိပြီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများ၊ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေ အနားယူနိုင်ရေး၊ အရိပ်ရလေကာပင်များ စိုက်ပျိုးကြရေး၊ ကမ်းနားလမ်းတစ်လျှောက် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ တိုးချဲ့သဲသောင်ပြင် ဘောလုံးကွင်းနေရာသို့ ရောက်ရှိပြီး ဘောလုံးကွင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ဆိပ်ခံတံတား အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)