မော်လမြိုင် မေ ၂၀

 

ပြည်တွင်းအခွန်များဦးစီးဌာနက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စားသောက်ဆိုင်/ KTV လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ Royal Hinthar Hotel ခန်းမ၌ ကျင်းပသည်။

 

 ဦးစွာ မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာ‌ရေးဝန်ကြီး နိုင်လယိတမက စားသောက်ဆိုင်/ KTV လုပ်ငန်းရှင်များအနေဖြင့် ပြေစာအမှတ်တံဆိပ်အသုံးပြုပြီး ကုန်သွယ်လုပ်ငန်း ခွန်ကောက်ခံခြင်းကို တည်ဆဲအခွန်ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ထားသည့် အသိပေးကြေညာချက်ဗီနိုင်းများကို မိမိတို့လုပ်ငန်း၏ မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက စားသောက်ဆိုင်/KTV လုပ်ငန်းများတွင် ပြေစာအမှတ်တံဆိပ် အသုံးပြုပြီး ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)