မော်လမြိုင် မတ် ၂၂

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များကြီးကြပ်မှုဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေး၊ ဆီလက်ကျန်စာရင်း နှင့် ရောင်းချမှုစာရင်းများ စစ်ဆေးခြင်း၊ စက်သုံးဆီဝယ်ယူရာတွင် ယာဉ်လိုင်စင် သက်သေခံ ဝှီးတက်(သို့မဟုတ်) အုံနာဘုတ် ပြသစေ၍ စစ်ဆေးရောင်းချသွားရန်၊ စုံရက် မရက်အလိုက် ယာဉ်များကို စက်သုံးဆီများ ရောင်းချပေးရန်နှင့် အဆိုပါစည်းကမ်းချက်များအား ပြည်သူများ သိရှိနိုင်ရန် ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူချိတ်ဆွဲ၍ ကြေညာပေးရန်တို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)