မော်လမြိုင်မြို့နယ်တွင် အရှိန်မထိန်းနိုင်သည့် ခရီးသည်တင်ယာဉ်တစ်စီး ဝင်တိုက်မိ၍ လူ ၃ ဦးသေဆုံး

နေပြည်တော် ၃၁ ဇန်နဝါရီ 

 

မွန်ပြည်နယ် မော်လမြိုင်မြို့ နောင်ခရီရပ်ကွက် ကျိုက္ခမီကားလမ်းပေါ်၌ ယနေ့ နံနက်ပိုင်းတွင် မုဒုံမြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိယာဉ်အား  ဝင်ရောက်တိုက်မိ၍ လူ ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ မုဒုံမြို့မှ မော်လမြိုင်မြို့သို့ ယာဉ်မောင်း ကျော်စွာလင်း မောင်းနှင်လာသော  လင်းယုန်မိုးကောင်းကင် ခရီးသည်တင်မှန်လုံယာဉ်သည် ယာဉ်အရှေ့တွင် မောင်းနှင်နေသည့် ဆိုင်ကယ်အားကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော   Mazda BONGO ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Mazda BONGO ယာဉ်ပေါ်ပါ ဦးတင်ကို၊ ကိုမျိုးဝင်းအောင်နှင့် ဦးကိုလွင်တို့ (၃)ဦးသေဆုံးပြီး ဦးညိုဝင်း၊ ကိုဝင်းထွန်းနှင့် တင်ကိုကိုတို့ (၃)ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် ယာဉ်မောင်းကျော်စွာလင်းအား မုပွန်နယ်မြေရဲစခန်းက အမှုဖွင့်  အရေးယူထားကြောင်း သိရှိရသည်။

 

မိမွှေး