မော်လမြိုင် ဇူလိုင် ၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌နိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်အတွင်း ကြည့်ရှုပြီး ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်ကော်မတီဝင်တစ်ဦးက စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် စာဖတ်ချိန်အတွင်း စီစဉ်ဆောင်ရွက်ပေးမှု၊ စာကြည့်တိုက်လုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှုများကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော လှူဒါန်းငွေ ကျပ် ၁၀ သိန်းနှင့် စာအုပ်စာစောင်များကို ပေးအပ်သည်။

ဆက်လက်၍ လှိုင်ရပ်ကွက် သုတရောင်ခြည်စာကြည့်တိုက်နှင့် ထန်းပင်တန်းရပ်ကွက် စေတနာ့မီးအိမ်စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။ ထို့နောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း သုတရတနာ စာကြည့်တိုက်အား လှည့်လည်ကြည့်ရှု၍ ကျောင်းသား ကျောင်းသူများ၏ စာပေစကားဝိုင်းကို ကြည့်ရှုအားပေးကာ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

 ခရိုင်(ပြန်/ဆက်)