မော်လမြိုင်  ၃  စက်တင်ဘာ

 

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်တင်ဘာ ၂ ရက် ည ၁၀ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်း၊ သစ်ပင်များလဲကျခြင်း၊ လျှပ်စစ်ဓာတ်တိုင်နှင့် ဓာတ်ကြိုးများ ပြတ်ကျခြင်း၊ လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်မြို့ပေါ် ရပ်ကွက်များဖြစ်သော ဖက်တန်းရပ်ကွက်တွင် အိမ်ခြေ (၇၃)အိမ်၊ အောက်ကျင်းရပ်ကွက်တွင် အိမ်ခြေ (၅၉)အိမ်၊ ကျိုက်ဖနဲရပ်ကွက်တွင် အိမ်ခြေ(၁၄၇)အိမ်၊ ရွှေမြိုင်သီရိ ရပ်ကွက်တွင် အိမ်ခြေ(၁၈၅)အိမ်၊ ဇေယျာသီရိရပ်ကွက်တွင် အိမ်ခြေ(၇၈)အိမ်၊ လှိုင်ရပ်ကွက်တွင် အိမ်ခြေ(၃၃)အိမ်၊ ညောင်ပင်ဆိပ် ရပ်ကွက်တွင် အိမ်ခြေ(၂)အိမ် စုစုပေါင်း အိမ်ခြေ(၅၇၇)အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ လူနေအိမ်များအပြင် အ.ထ.က(၈)၊ အ.လ.က(၁)၊ အ.ထက(ခွဲ) အ.လ.က(၃)၊ အ.မ.က (ဇေယျာသီရိ)၊ အ.မ.က (ထန်းပင်ကုန်း)နှင့် အ.မ.က(ဝတ်သစ်) ကျောင်းများတွင် ကျောင်းဆောင် အမိုးများလန်ခြင်း၊ မျက်နှာကျက်နှင့် ဒိုင်းများ ပျက်စီးခြင်း၊ ပြတင်းပေါက်မှန်များ ကွဲခြင်း၊ ပရိဘောဂများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

 

လေဘေးအန္တရာယ် ကျရောက်ခဲ့သော ရပ်ကွက်များ၊ ကျောင်းများသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ အရေးပေါ်လိုအပ်ချက်များ ဆောင်ရွက်ပေးခဲ့ပြီး ဘေးဒဏ်သင့် ပြည်သူများအား အမြန်ဆုံး ထောက်ပံ့ကူညီပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)