မော်လမြိုင်၊   ၄   ဒီဇင်ဘာ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့်  မွန်ပြည်နယ် အမျိုးသမီးကော်မတီမှ ဦးဆောင်၍ Care Myanmar နွေးထွေးသော ရင်ခွင်အဖွဲ့နှင့် ခရိုင်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ကျား/မအခြေပြု အကြမ်းဖက်မှု ဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု သင်တန်းကို ဒီဇင်ဘာ  ၄  ရက် နံနက်ပိုင်းက မော်လမြိုင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမ၌ ဖွင့်လှစ်သည်။

 

အဆိုပါသင်တန်း၌ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရဲမြတ်ဦးက အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ Care Myanmar International မွန်ပြည်နယ်စီမံကိန်း တာဝန်ခံ ဦးဇော်ဇော်အောင်က ဂျဲန်ဒါနှင့် ပါဝါတို့၏ သဘောတရားများနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုပုံစံအမျိုးမျိုး၊ ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ ပံ့ပိုးကူညီခြင်းအတွက် သိထားရမည့် အချက်များနှင့်  လွှဲပြောင်းညွှန်းပို့မှုဆိုင်ရာ အခြေခံကျင့်ဝတ်များကို သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းကို မော်လမြိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ကြသည်။

ခရိုင်(ပြန်/ဆက်)