မော်လမြိုင် စက်တင်ဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျော့နည်းကျဆင်းမှုရှိ သော်လည်း ကူးစက်မှုနှုန်းကို ကျဆင်းစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မောင်ငံရပ်ကွက် တောင်ဝိုင်းလမ်းတစ်လျှောက်၊ လမ်းသွယ်များနှင့် လူအဝင်အထွက်များသည့် နေရာတို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။
ထို့သို့ အသိပေးနှိုးဆော်ခြင်းသည် မော်လမြိုင်မြို့နယ်အား၂၀၂၁ခုနှစ်၊ ဇူလိုင်၇ ရက်စွဲပါ အမိန့် အမှတ်၊ ၂၇၈/(၂၀၂၁) ဖြင့် Stay at Home နေထိုင်ရေး အကျုံးဝင်ကြောင်းကို ဆက်လက်သတ်မှတ် ကြေညာထားရာ လက်ရှိအနေအထားအရ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာဟန့်တားနိုင်ရေးနှင့် ပြည်သူလူထုအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို ပြန်လည်ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။
ယင်းအသိပေး ကြေညာချက်တွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ FaceShield ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန် စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာ လိုက်နာခြင်းဖြင့် အသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)


