၁ စက်တင်ဘာ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့်မြောက်ပိုင်းလေးဖွဲ့ဟု သိကြသည့် KIO, MNTJP, PSLF, ULA တို့မှ ကိုယ်စားလှယ်များ ဩဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ၌ တွေ့ဆုံ၍ လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ယင်းနံနက်ပိုင်းမှာပင် ကွတ်ခိုင်မြို့တွင် ဖြစ်ပွားသည့်တိုက်ပွဲအတွင်း မောဟိတ်စုစည်းရွာ အတွင်းသို့ လက်နက်ကြီးကျည်ကျကာ အမျိုးသမီးသုံးဦးနှင့် လသားအရွယ် အပါအဝင် ကလေးနှစ်ဦးတို့ သေဆုံးခဲ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဩဂုတ် ၁၅ ရက်က စတင်ခဲ့သည့်တိုက်ပွဲ များက အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များစွာ တို့ကို      ထိခိုက်ဆုံးရှုံးစေခဲ့သည်။      ပြင်ဦးလွင်မှစကာ  လားရှိုး၊  မူဆယ်            မြောက်ပိုင်းပြည်ထောင်စုလမ်းမကြီးတစ်လျှောက်  ပစ်ခတ်တိုက်ခိုက်မှုများမှသည်  ကုန်တင်ကား၊  ခရီးသည်တင်ကား၊  အိမ်စီးကားငယ်များနှင့် ပရဟိတကားများကိုပါမကျန် ပစ်ခတ်မီးရှို့ခံကြရသည်။ တိုက်ပွဲများအကြား ပိတ်မိခဲ့ရသည့်    ပြည်သူများမှာ  ထိခိုက်ဒဏ်ရာရရှိမှုနှင့်  နာမကျန်းမှုတို့ အတွက် ဆေးကုသရန်ပင် အခွင့်အလမ်းမရရှိခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ အချို့မှာလည်း မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နှက်ခံကြရကြောင်း ဒေသခံများထံမှ ကြားသိရသည်။  တရုတ်- မြန်မာ ကုန်သွယ်မှုတွင် အဓိကကျသည့် ပြည်ထောင်စုလမ်းမကြီးမှာလည်း  တံတားမိုင်းခွဲဖျက်ဆီးမှု၊  မော်တော်ယာဉ်များ  မီးရှို့ဖျက်ဆီးကာ  လမ်းပိတ်ထားမှုနှင့်   ပစ်ခတ်မှုများကြောင့် ပုံမှန်အတိုင်း   သွားလာ၍မရတော့ဘဲ   လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုတို့ကို ကြီးမားစွာထိခိုက်စေခဲ့သည်။

စစ်၏သဘောအရ  လက်နက်စွဲကိုင် ရင်ဆိုင်တိုက်ခိ်ုက်ကြရသည်မှာ သဘာဝဖြစ်သော်လည်း ရပ်ရွာဒေသများနှင့်  လက်နက်ကိုင်ဆောင်ထား ခြင်းမရှိသော ပြည်သူများကို ပစ်မှတ်သဖွယ်သဘောထားကာ  တိုက်ခိုက်လာခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကို မြို့ရွာများတွင် ဖော်ဆောင်လာခြင်း တို့ကို အကြမ်းဖက်ခြင်းအဖြစ်သာ သတ်မှတ်ကြမည်ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး၏    သဘောထားအနေဖြင့်  မည်သည့်စစ်ပွဲ၊   တိုက်ပွဲကိုမှ           အလိုမရှိဘဲ ငြိမ်းချမ်းစွာနေလိုကြသည်ကို အလေးအနက်ထားကြရမည် ဖြစ်သည်။  လက်နက်စွဲကိုင်တိုက်ခိုက်နေကြခြင်း သို့မဟုတ်  နိုင်ငံရေးကို အခြားနည်းဖြင့်  ဖော်ဆောင်နေကြခြင်းကို လေးနက်စွာ ပြန်လည်ဆန်းစစ် သုံးသပ်ကြဖို့လိုနေပြီဟူ၍လည်း ရှုမြင်မိသည်။

NRPC       ကိုယ်စားလှယ်အဖွဲ့နှင့်          မြောက်ပိုင်းလေးဖွဲ့တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အချက်ခြောက်ချက်ပါ ပူးတွဲသတင်းထုတ်ပြန်ချက်တစ်စောင်ထွက်လာခဲ့ရာ တိုက်ပွဲများအမြန်ဆုံး ရပ်တန့်နိုင်ရေး၊    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်    ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက်    နှစ်ဖက်စလုံးက    နိုင်ငံရေးဆန္ဒအပြည့်အဝဖြင့်             ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟူသောအချက်က ပြည်သူများအတွက် မျှော်လင့်ချက်များ ပေးထားဆဲဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ စစ်ပွဲများဆင်နွှဲလိုက်၊    အပေးအယူအလျှော့အတင်းလုပ်ကာ  နိုင်ငံရေး စားပွဲဝိုင်းဆီပြန်လာလိုက်ဆိုသော အခြေအနေမျိုးများကို ပြည်သူများက မလိုလားဘဲ  ငြိမ်းချမ်းရေးအတွက် စစ်မှန်သော   ဆန္ဒများဖြင့် ရိုးသားစွာ ဆွေးနွေးကြရင်း      ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု    ပီပြင်အောင် ဖော်ဆောင်ကြရန်သာ လိုလားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက          ပစ်ခတ်တိုက်ခိုက်မှု              ရပ်စဲရေးနှင့်    ထာဝရငြိမ်းချမ်းရေးအတွက်   ထုတ်ပြန်ချက်တစ်ရပ်ကို ဩဂုတ် ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ရာ စစ်ဌာနချုပ်နယ်မြေငါးခုတွင် တပ်မတော်ဘက်မှစတင်၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ (၈) လကြာ ရပ်ဆိုင်းပေးထားရာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်းပါရှိသည်။  စစ်ပွဲများ ဖြစ်ပွားရာနေရာများရှိ ဒေသခံပြည်သူများအပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်မူ ပြည်ထောင်စုကြီး၏ မည်သည့်နေရာ      အစိတ်အပိုင်းတွင်မျှ        စစ်ရေးပဋိပက္ခများနှင့်စစ်ပွဲ အနိဋ္ဌာရုံများကို   ထပ်မံ၍ မတွေ့လို၊  မမြင်လို၊ မကြားလို၊ မကြုံလိုတော့ သည့်အလျောက်    နှလုံးရည်ကိုဗဟိုပြုလျက်        ငြိမ်းချမ်းသောလမ်းကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း။   ။

မြန်မာ့အလင်း