မြောင်ဇီးလူမျိုးများ၏ သမိုင်းအကျဉ်း
မြောင်ဇီးလူမျိုးများသည် ကွေ့ကျင်နယ်ရှိ မွန်ဂိုလီးယားမျိုးနွယ်များဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝ ကျော်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကိုးကန့်တို့နေထိုင်ရာ တာရွှေထန်၊ ကျာတိမော်၊ ရဲညိုပါး၊ ပါးဝေး၊ မန်လော့၊ ပါမာချန်းဒေသတို့တွင် စတင်အခြေချ နေထိုင်ခဲ့ကြသည်။ ထိုမှတစ်ဖန် ဆုံကန်၊ မာလီပါး၊ ရှုတ်တင်ပါး၊ ကာမိန်း၊ သိန်းနီဒေသ များတွင် အနည်းငယ်စီသို့ အခြေချနေထိုင် လာခဲ့ကြသည်။ ထို့နောက် ကျန်ရှိသော မျိုးနွယ်စုဆွေမျိုးများပါလိုက်လာကြပြီး အဆိုပါ ဒေသများတွင် ပြောင်းရွှေ့အခြေချနေထိုင်လာ ကြသည်။ မြောင်ဇီးလူမျိုးများသည် စစ်ရှုံး သောကြောင့် စစ်၏ဒဏ်ကို လွန်စွာကြောက်ရွံ့ ကာ တောင်ပေါ်ဒေသများတွင် အေးချမ်းစွာ နေထိုင်ခဲ့ကြသည်။ တောင်ယာလုပ်ငန်းကို ရိုးသားစွာလုပ်ကိုင်ခြင်း၊ အမဲလိုက်ခြင်း၊ မွေးမြူ ရေးလုပ်ငန်းများဖြင့် လုပ်ကိုင်စားသောက်ကြ သည်။ မြောင်ဇီးဟူသော အခေါ်အဝေါ်မှာ တရုတ်လူမျိုးများက ခေါ်ဝေါ်သော အမည်နာမ ဖြစ်ပြီး မြောင်ဇီးလူမျိုးများက မိမိကိုယ်ကို''မှုန့်'' လူမျိုးဟု ဆိုကြသည်။ မြောင်ဇီးလူမျိုးများသည် ကွမ်းလုံမြို့နယ် ကာမိုင်းဒေသတွင် အများဆုံး နေထိုင်ကြပြီး နောင်ချိုမြို့နယ်၊ ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုင်း နောင်မြို့နယ်၊ ဝမ်းစိမ်းမြို့နယ်နှင့် လားရှိုးမြို့နယ် တို့တွင် အနည်းငယ်စီအခြေချနေထိုင်ကြသည်။
မြောင်ဇီးလူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံစနစ်
မြောင်ဇီးတိုင်းရင်းသားတို့သည် မွေးဖွားပြီး သုံးရက်အကြာတွင် နာမည်မှည့်လေ့ ရှိကြသည်။ နာမည်မှည့်ခေါ် ရာတွင် ဘိုးဘွားများက ကလေး၏ ဝိညာဉ်ကိုခေါ်ယူပြီး သင့်တော်ပြီးလှပသော နာမည်များကို မှည့်ပေးကြသည်။ အခြားတိုင်းရင်းသားများ ကဲ့သို့သော နေ့ကောင်းနေ့မြတ်၊ ဗေဒင် လက္ခဏာများ၊ မွေးနေ့နံများကို တွက်ချက်ပြီး အမည်မှည့်လေ့မရှိပေ။ မိမိနှစ်သက်ရာ အမည်နာမကို မှည့်ခေါ်ကြသည်။
သို့သော် အမည်နာမမှည့်ချိန်တွင် ¤င်းတို့ အဘိုးများ၏ အမည်တစ်လုံးကို ကလေး၏ဖခင်အမည်နာမတို့တွင် ထပ်ပေါင်းပြီး ပြောင်းလဲမှည့်ခေါ်လေ့ရှိသော ထူးခြားသည့် ဓလေ့တစ်ခုရှိကြပြီး မျိုးရိုးနာမည်ကိုယူပြီး နာမည်နောက်ဆုံးတွင် တွဲဖက်တွဲခေါ်ကြသည်။ ကလေးငယ်၏ မိခင်ကိုမူ နာမည်ထပ်မံ ထည့်သွင်းမှည့်ခေါ် လေ့မရှိပါ။ အငယ်ဆုံး သားကို ''ကျယ်''၊ အငယ်ဆုံးသမီးကို ''ကျိုင့်''ဟူ၍ နာမည်ရှေ့တွင် တွဲဖက်မှည့်ခေါ်ကြသည်။
သားဦး၊ သမီးဦးမွေးဖွားပြီး ကြက်၊ ဝက်များကိုသတ်ကာ ဘိုးဘွားမိဘများကို သွားရောက် ကန်တော့ကြရသည်။ မြောင်ဇီးတိုင်းရင်းသား များသည် နာမည်ကင်ပွန်းတပ်ခြင်း အခမ်း အနားတွင် လာရောက်သော ဘိုးဘွား၊ လူကြီး မိဘများ၊ ဧည့်ပရိသတ်များကို ကလေးငယ် ၏ မိဘအခြေအနေပေါ်မူတည်ပြီး ဧည့်ခံကြ သည်။ အချို့မှာ ထမင်း၊ ဟင်းကျွေးပြီး အချို့မှာ မုန့်နှင့် လက်ဖက်ရည်တို့သာ ဧည့်ခံ ကြသည်။ ကလေးနာမည်မှည့်ပြီး နှစ်သစ်ကူး သောနေ့တွင် ကလေး၏ဖခင်ဖြစ်သူက ကြက်သား၊ ဝက်သားများကိုယူပြီး ရေကန်တွင် သွားရောက်ကန်တော့သည့် ဓလေ့လည်းရှိသည်။
မြောင်ဇီးလူမျိုးများ၏ ဝတ်စားဆင်ယင်မှု
မြောင်ဇီးလူမျိုးများ၏ ဝတ်စားဆင်ယင်မှုမှာ အမျိုးသားများသည် အတွင်းတွင် အင်္ကျီအဖြူဆင်မြန်းပြီး အပေါ်တွင်အနား၌ အပြာရောင်ကွပ်ထားသော အနက်ရောင် ရင်ဖုံးအင်္ကျီ ဝတ်ဆင်သည်။ ထို့နောက် အပေါ်ထပ်လက်ပြတ်ကိုထပ်၍ ဝတ်ဆင် သည်။ ဘောင်းဘီအနက်ကို ဆင်မြန်းသည်။ ခါးစည်းမှာ ရောင်စုံကြိုးများကို တစ်ထပ်ပြီး တစ်ထပ်ဆင်မြန်းကြသည်။ ထို့နောက် ပန်းရောင်အစကို ခါးတွင်ထပ်၍ ချည်ပြီး ဆင်မြန်းသည်။ ရှေးယခင်တွင် ဝါးဖိနပ်များကို ဆင်မြန်းသည်။ ယခုအခါတွင် မိမိတို့ နှစ်သက်သော ဖိနပ်ကို ဆင်မြန်းကြတော့သည်။
အမျိုးသမီးများ၏ခေါင်းတွင် အနက်စ အရှည် ဆယ်ကိုက်ကျော်အား အထပ်ထပ်ဖြင့် လှပစွာ ခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းကြ သည်။ ကော်လံအပြားကြီးပါသော အင်္ကျီ လက်ရှည်ဆင်မြန်းသည်။ ထိုအင်္ကျီလက်တွင် အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း၊ ခရမ်း၊ လိမ္မော်အစရှိသော အရောင်တန်းများဖြင့် အလှဆင်ထားသည်။ ထို့နောက်အပေါ်တွင် လက်ပြတ်ကုတ်အင်္ကျီကို ဆင်မြန်းသည်။ ရိုးရာစကတ်ကို ဝတ်ဆင်ပြီး စကတ်နောက်တွင် အမြတ်တနိုးဖြင့် ပန်းဖွားပါသော အဝတ်ကြိုး ရှည်ကို ဆင်မြန်းကြသည်။ ရှေ့တွင် ရှေ့ဖုံး အဖြစ် တစ်ထပ်ထပ်ဆင့်၍ ဆင်မြန်းကြ သည်။ လက်တွင် ဆင်မြန်းထားသော အရောင်တန်းများအလိုက် ခါးတွင်လည်း ရောင်စုံကြိုးများကို အလှဆင်ချည်နှောင်ကြသည်။ ခြေပတ်အဖြူကို ဆင်မြန်းသည်။ အမျိုးသမီးတစ်ဦး၏ အဝတ်ဆင်မြန်းချိန်မှာ တစ်နာရီနီးပါးမျှ ကြာသည်ကိုလည်း လေ့လာ သိရသည်။
မြောင်ဇီးလူမျိုးများ၏ တူရိယာများနှင့် တီးမှုတ်သည့်ဓလေ့
မြောင်ဇီးလူမျိုးများသည် ပလွေကို ဝါးဖြင့်ပြုလုပ်ကြသည်။ ပလွေကို ယောက်ျားလေး လူပျိုများကသာ အဓိကအသုံးပြုလေ့ ရှိကြသည်။ ကျွဲ၊ နွားကျောင်းသည့်အချိန်၊ တစ်ယောက်တည်း အထီးကျန်သည့် အချိန်မျိုး တွင် ပလွေကို အသုံးပြု၍ မှုတ်လေ့ရှိကြသည်။ ပလွေမှုတ်သည့်အချိန်ကိုလည်း ပွင့်လင်း ရာသီ၌ စတင်မှုတ်လေ့ရှိကြပြီး ပွင့်လင်းရာသီ ကုန်ဆုံးချိန်တွင် လူငယ်များသည် ပလွေမှုတ် ခြင်းမရှိတော့ကြောင်း သိရသည်။ ပွင့်လင်း ရာသီကုန်ဆုံးချိန်၌ ပလွေမှုတ်သည့်အခါ လေပြင်းလာချိန်တွင် အသီးအနှံမကောင်းခြင်း၊ အသီးအနှံမဖြစ်ထွန်းခြင်း၊ မအောင်မြင်ခြင်း များဖြစ်သည်ဟု ရှေးဘိုးဘေးဘီဘင်များက ပြောလေ့ရှိကြသည်။ ပွင့်လင်းရာသီချိန်မှာ မိုးရာသီကုန်ချိန် သြဂုတ်လမှ ဧပြီလအတွင်းကို သတ်မှတ်တတ်ကြသည်။
ယောက်ျားလေးများကလည်း မိန်းကလေး များကို စိတ်ဝင်စား၍ ရည်းစားစကား နှစ်ဦး နှစ်ဖက် စကားပြောလေ့ရှိကြသည်။ ပလွေကို အပေါက် ခြောက်ပေါက် ဖောက်ပြီး ပလွေထိပ်တွင် ဝါလျှာထည့်၍ မှုတ်ရသည်။
ကိန်ကိုလည်း ဝါးဖြင့်ပြုလုပ်လေ့ရှိသည်။ ကိန်မှုတ်သည့်ကိုင်းကို သစ်သားနှင့် ပြုလုပ်ရ သည်။ ကိန်ကိုလည်း အပေါက် ခြောက်ပေါက် ဖောက်ပြီး အတွင်းတွင် ကြေးနီဖြင့် လျှာပြုလုပ် ရသည်။ ရိုးရာတူရိယာဖြစ်သည့် ပလွေနှင့် ကိန်ကို ပွဲတော်များ၊ နှစ်သစ်ကူးသည့်အချိန်တွင် အသုံးပြု၍ တီးမှုတ်လေ့ရှိကြသည်။
မြောင်ဇီးလူမျိုးများ၏ ထူးခြားသည့်ဓလေ့
မြောင်ဇီးလူမျိုးများသည် မိမိအိမ်တွင် အိမ်သူအိမ်သား တစ်ဦးဦးနေမကောင်း ဖြစ်ခဲ့လျှင် နတ်ဆရာကိုပင့်ဖိတ်ပြီး ဆေးကုသရန်နှင့် ရောဂါဝေဒနာအကြောင်း မေးခိုင်းရသည်။ နတ်ဆရာကိုခေါ်ရခြင်းမှာ နတ်ဆရာ ဘာတောင်းသနည်း၊ လူ့အသက်ကို တောင်း သလားဟူ၍ အဆိုရှိသည်။ လူ့အသက်ကို တောင်းခဲ့လျှင် လူ့အသက်အစား ဝက်၊ နွား တို့ကို အစားထိုးပေးရသည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး နတ်ဆရာကိုလည်းပင့်၍ မေးလေ့ရှိသည်။ ကျောက်တုံးကို ကြိုးချည်ပြီး မေးလေ့ရှိသည်။ နတ်ဆရာထံတွင် မေးမြန်း ထားသည့် ကြိုးကိုလည်း ပြန်ယူလာပြီး လူနာလည်ပင်းတွင် ဆွဲကြိုးပုံစံချိတ်ပေးပြီး တံတောင်ဆစ်တွင် ချည်ပေးရသည်။ အိမ် တစ်အိမ်တွင်လည်း လူတစ်ယောက်သေဆုံး လျှင် သဂြိုဟ်ပြီးနောက် ၁ဝ ရက်နှင့် ၁၅ ရက် အတွင်း လူသေ၏ ဝိညာဉ်ကို ပြန်ယူပေးရ သည်ဟု ယူဆကြသည်။ လူသေ၏ ဝိညာဉ် ကျွတ်လွတ်အောင် နွားကိုသတ်၍ ပွဲအကြီး အကျယ်လုပ်ပေးရကြောင်း သိရသည်။ မြောင်ဇီးလူမျိုး၏ ဓလေ့ထုံးတမ်းများသည် ထူးခြားသည့် ဓလေ့များစွာရှိနေသည်ကို စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရသည်။ ။
မိုင်းနော်ရိန်း(လူမှုဘဝ)