နေပြည်တော် အောက်တိုဘာ ၆
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော အဖွဲ့သည် အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တွင် မြောင်းမြ အကျဉ်းထောင်နှင့် မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်း တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ သွားရောက် ကြည့်ရှုစစ်ဆေး ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စုခွဲ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ ပြည့်စုံစွာ ရရှိမှု ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိတို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများနှင့် တွေ့ဆုံကာ ၄င်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ကြသည်။
ထို့နောက် အကျဉ်းထောင်ရှိ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ စတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် အကျဉ်းသား/အချုပ်သားများ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ အကျဉ်း ထောင် စာကြည့်တိုက်တွင် ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ (၂၀၀) နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန် မှတ်စုစာအုပ် (၆၉၀) တို့ကို လှူဒါန်းခဲ့ ကြသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်