မြောင် ၂၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့တွင် ရိုးရာမပျက် မြန်မာ့ရိုးရာ နွားလှည်းယဉ်ကျော့ပြိုင်ပွဲ ဖွင့်လှစ်ခြင်းကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက မြောင်မြို့တောင်ရပ်ကွက်ရှိ ကွင်းအတွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင်ထွန်းအောင်၊ မြို့နယ်စီပင်သာယာရေးကော်မတီဥက္ကဌ ဦးတင်ထွန်း၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးဦးရဲထွန်းမြင့်နှင့်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမျိုးကျော်စွာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင်ထွန်းအောင်က အမှာစကား ပြောကြား ပြီးနောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမျိုးကျော်စွာက ပြိုင်ပွဲဝင် နွားများနှင့် မောင်းနှင်သူများအတွက် သိသင့်သိထိုက်သည့် ယှဉ်ပြိုင်သည့်နွားများကျန်းမာရေးနှင့် စည်းကမ်းလိုက်နာမှု ဆိုင်ရာများကိုရှင်းလင်းပြောကြားသည်။
“ကျွန်တော်တို့ ဒီပွဲပြုလုပ်ပေးရခြင်းကတော့ ရိုးရာမပျက် လှည်းယှဉ်ကျော့ပြိုင်ပွဲကိုထိန်းသိမ်းကာ ယခုခတ်လူငယ်များ သိမြင်စေချင်တဲ့ ရည်ရွယ်ချက်ကို အဓိကထားပါတယ်၊ နောက်ပြီးတောင်သူ ဦးကြီးများရဲ့ ဘဝစိတ်ဓာတ်မြှင့်တင်ခြင်းကို တစ်ဖက်တစ်လမ်းမှ ကူညီပေးချင်တဲ့ဆန္ဒနဲ့အခုလို လုပ်ဖြစ်တာပါ၊ ပြိုင်ပွဲမှာ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းလို့သတ်မှတ်ယှဉ်ပြိုင်သွားမှာပါ၊ ပြိုင်ပွဲကာလကတော့ ဇန်နဝါရီ ၂၄ ရက်မှ ၂၉ ရက်အထိ ရက်နေ့အထိဖြစ်ပါတယ်”ဟု ပြိုင်ပွဲ ကျင်းပရေးကော်မတီ ဦးတင့်လွင်စိုးက ပြောပြသည်။
တင်ကိုကို(ပြန်/ဆက်)
