မြောင်းမြ ၁၅ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ မိုးကုတ်ဓမ္မရိပ်သာ ရွှေသာလျောင်းဘုရားကြီးဝန်းအတွင်း၌ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကရုဏာရှင်လူငယ်များ၊ ပရဟိတအဖွဲ့နှင့် ရွှေဥဒေါင်း ရွှေဆိုင်တို့ပူးပေါင်း၍ ကင်ဆာလူနာများ၊ ကင်ဆာသံသယလူနာများ၊ ရင်သားအကြိတ်၊ သားအိမ်ရောဂါ၊ အကြောအဆစ်ရောဂါများ အခမဲ့စစ်ဆေးပေးခြင်းနှင့် ကုသပေးခြင်းတို့ကို စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီကစတင်၍ လက်ခံကုသပေးလျက်ရှိရာ စက်တင်ဘာ ၁၅ ရက်အထိ လူနာ ၇၀ဝ ကျော် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
စစ်ဆေးကုသပေးမည့် ရောဂါများမှာ ရင်သားစမ်းသပ်နည်းသင်ပေးခြင်း၊ စမ်းသပ်စစ်ဆေးပေးခြင်း၊ သားအိမ်ခေါင်းစမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သူများကို (Cryotheraphy)ဖြင့် ကုသပေးခြင်း၊ ခံတွင်းစမ်းသပ်စစ်ဆေးပေးခြင်း၊ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံစေပြီး ဓာတ်မှန်ဆရာဝန်ကြီးနှင့် Ultrasound ရိုက်ခြင်း၊ လိုအပ်သူများကို ECG ရိုက်ခြင်း၊ အသည်းရောင် ဘီပိုးနှင့် သွေးချိုစစ်ပေးခြင်း၊ အကြောအဆစ်ကုသပေးခြင်း တို့ကို အခမဲ့စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့က ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ကင်ဆာနဲ့ပတ်သက်တဲ့ ရောဂါတွေကို အခမဲ့စစ်ဆေးကုသပေးတယ်ဆိုလို့ လာရောက်စစ်ဆေးကုသတာ ဖြစ်ပါတယ်။ ခုလိုမိုးတွင်းရာသီ အခက်အခဲဖြစ်တဲ့ အချိန်မှာ ရောဂါဝေသနာများကို လာရောက်စစ်ဆေးကုသပေးတဲ့အတွက် ကျွန်မတို့လို မရှိတဲ့ တောသူတောင်သားတွေအဖို့ အထူးပဲဝမ်းသာပါတယ်”ဟု လာရောက်ပြသူတစ်ဦးက ပြောသည်။
စန္ဒာမိုး (ပြန်/ဆက်)


