မြောင်းမြ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က အသင်းပိုင်မူကြိုကလေးများ၏ ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို အကြီးအဆင့်နှင့်အငယ်ဆင့် သတ်မှတ်၍ ယှဉ်ပြိုင်ကြရာ ကာယစွမ်းရည်ပြိုင်ပွဲအဖြစ် အင်္ကျီကြယ်သီးတပ်၊ သံပုရာသီးဇွန်းကိုက်၊ အရောင်တူစု၊ ကွင်းပစ် စသည့်ကစားနည်းများဖြင့်လည်းကောင်း ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ကဗျာရွတ်၊ ပုံပြောစသည်တို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ကလေးငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ နေ့လယ်စာအာဟာရများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)


