မြောင်းမြ ၁၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံကွင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အဆောက်အဦရှေ့၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်၊ မြောင်းမြခရိုင် ပြည်သူ့ကျန်းမာဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး ဒေါက်တာတင့်တင့်ကျော်နှင့် တာဝန်ရှိသူများက ဆေးခန်းအဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က မုဒိတာစကားများ ပြောကြားပြီး အလှူရှင် ဦးအောင်လွင်က ဆေးခန်းအဆောက်အဦ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဆေးခန်းအဆောက်အဦ အလှူရှင်နှင့် မြေကွက်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။
အလားတူ နေ့လယ်ပိုင်းတွင် အလှူရှင် ကိုအောင်နိုင်ဦး၊ မနန်းနွယ်အောင်(USA)တို့ လှူဒါန်းသော ပျဉ်းမချောင်းကျေးရွာအုပ်စု၊ ကံသာကုန်းကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကံကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကံသာကုန်းကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲတို့မှာ ပေ ၃၀ × ၄၂၊ အုတ်တစ်ထပ်တိုက်၊ ကွန်ကရစ်ခင်း၊ သွပ်မိုး၊ လူနာခုတင်၊ သားဖွားခုတင် အပါအဝင် ကျပ်သိန်း (၁၈၀) ခန့် ကုန်ကျခံကာ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)


