နေပြည်တော်၊ မတ် ၉

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာအား ဆက်သွယ်ပေးမည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၆၅၅ ဒသမ ၁၄၄ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသား ညီအကို မောင်နှမများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးနှင့် အခြေခံလူမှု စီးပွားဘဝ တိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အဆိုပါလမ်းကို စီမံကိန်းရေးဆွဲ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသည် ယခင်သွားလာရန် ခက်ခဲသော ကျောက်ကြမ်းလမ်းဖြစ်ပြီး နှစ်ပေါင်း ၈ဝ ကျော်ခန့်က ကျောက်ခင်းထားသော လမ်းတစ်လမ်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကျေးရွာများတည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာန၏ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသော သမိုင်းဝင်ရွှေဂူကြီးဘုရားနှင့် စေတီပုထိုးများတည်ရှိသော နယ်မြေလည်း ဖြစ်သည်။

ပြင်ရွာ တိုက်နယ်သည် ကျေးရွာအုပ်စုပေါင်း ၁၈ အုပ်စု၊ ကျေးရွာပေါင်း ၅၂ ရွာ ရှိပြီး လူဦးရေ ၆၅ဝဝဝ ကျော်ခန့် အသုံးပြုနေသော လမ်းဖြစ်သည်။ ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး အချိန်တိုအတွင်း သွားလာနိုင်သဖြင့် ဒေသခံပြည်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရှိရသည်။

သတင်းစဉ်