မြောင်းမြ ၁၂ ဧပြီ  

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီ စသော အခြေခံစားသောက်ကုန်များကို ယမန်နေ့  နေ့လယ် ၁ နာရီအချိန်က စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအလိုက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ အမှတ်(၁)ရပ်ကွက်မှာ အိမ်ထောင်စုပေါင်း (၅၆၀)နဲ့ လူဦးရေ (၂၇၇၂)ဦးနေထိုင်ပါတယ်၊ နိုင်ငံတော်က အခု ထောက်ပံ့ပေးတဲ့ စားသောက်ကုန်တွေကို လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စု (၂၀၀) ၊ လူဦးရေ (၅၉၆)ဦးအတွက် ဖြန့်ဝေပေးသွားမှာဖြစ်ပါပြီး အိမ်တိုင်ယာရောက် လိုက်လံပေးအပ်သွားမှာဖြစ်ပါတယ်" ဟု အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက ပြောကြားသည်။

 

မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း (၂၇၇၂၇)စုတို့အတွက် ဆန်အိတ် တစ်တင်းခွဲအိတ် (၉၂၄၃)အိတ်၊ စားဆီ (၁၃၈၆၃)ပိဿာ၊ ပဲ (၂၇၇၂၇)ပိဿာ၊ ဆား (၁၃၈၆၃) ပိဿာ၊ ကြက်သွန်နီ (၂၇၇၂၇) ပိဿာ တို့ကို နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ ဖြန့်ဝေပေးမှုကို  ဧရာဝတီတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်း၊ မြောင်းမြခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်ဆွေနှင့် ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာများသို့ လိုက်ပါ၍ တချိန်တည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပြီး မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ စားဆီ (၅၀)ကျပ်သား ၊ ဆား (၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ (၁)ပိဿာစသည့် အခြေခံစားသောက်ကုန်(၅)မျိုးတို့ကို လက်ဝယ်အရောက် စနစ်တကျ ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မင်း(မြောင်းမြ)