မြောင်းမြ     ၂၈    စက်တင်ဘာ 

 

        

ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး ၊ မြောင်းမြ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့နယ်ပြည်သူ့ ဝန်ဆောင်မှု (OSS) ရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉  နာရီက သိလ္လာချောင်းဖျားကျေးရွာ ၊ စိန်ဂျွန်ပေါ-၂ ကက်သလစ်ခန်းမဆောင်၌  လူထုတွေ့ဆုံပွဲနှင့် ရွေ့လျား ဝန်ဆောင်မှု  လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံပွဲတွင် မြောင်းမြ မြို့နယ်   အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ကျေးရွာအရောက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းဌေးက သက်ငယ်မုဒိမ်းနှင့် မှုခင်းကျဆင်းရေးကိစ္စများ ရှင်းလင်းပြောကြားသည် ။ ဆက်လက်ပြီး   မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးမှုများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက မိမိတို့ ဒေသအတွင်း ကျေးလက်မီးလင်းရေး ၊ ကျေးရွာခြင်းဆက် လမ်းပမ်းဆက်သွယ်ရေး ၊ လယ်ယာမြေကိစ္စများ ၊ သန့်ရှင်းသော ရေရရှိရေး ၊ ပညာရေး ၊ ကျန်းမာရေးကိစ္စများ နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းရာ မြို့နယ် အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

 

ဆက်လက်ပြီး  မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးတွင် ပါဝင်သော ဌာနဆိုင်ရာများမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery)  ဖြင့် ဒေသခံပြည်သူများ၏  ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစီစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်းကိစ္စများ ဆောင်ရွက်ပေးခြင်း စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

" ပြည်သူတို့ရဲ့ အသံကို နားထောင်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်များကို  ဖြည့်စည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပါတယ် "ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောကြားသည်။

    

ခရိုင်ပြန်ဆက်