မြောင်းမြ ၁၅ ဖေဖေါ်ဝါရီ
ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေးအတွက် မြောင်းမြမြို့နယ် ဌာနဆိုင်ရာများနှင့် မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၊ (OSS)မှ တာဝန်ရှိသူများသည် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery)ကို ယနေ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က မြောင်းမြမြို့နယ်၊ ကမကိုင်ကျေးရွာအုပ်စု ဝါးဘိုးတောင် ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ဒေသခံကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာအရောက် ရွေ့လျား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးမှု များနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများက မိမိတို့ကျေးရွာဒေသအတွင်း ကျေးလက်မီးလင်းရေး၊ ကျေးရွာချင်းဆက် လမ်းပမ်းဆက်သွယ်ရေး၊ ကျေးရွာကျောင်းအဆင့်တိုးမြှင့်ရေး၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း ရရှိရေး တို့ကို ဆွေးနွေးမေးမြန်းရာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဒေသခံကျေးရွာပြည်သူများအား လက်ထောက်ဆေးရုံအုပ် ဒေါက်တာကျော်လင်းသန့့််၊ မြောင်းမြခရိုင် ပြည်သူ့ကျန်းမာ ဦးစီးဌာနမှ ဒေါက်တာမေပြုံးလဲ့ယဉ် ၊နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဖြူစင်စေတနာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာ သာမန်ဆေးကုသခြင်း (၇၈)ဦး ၊ မျက်စိဝေဒနာရှင် ၂ ဦး ၊ မြောင်းမြဆေးရုံကြီးသို့ညွှန်းပို့လူနာ (၃)ဦး ၊ စုစုပေါင်း (၈၃)ဦးတို့အား အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကာ ၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင် ဦးစီးဌာနက နိုင်ငံသားစီစစ်ရေးကဒ်နှင့် အိမ်ထောင်စု စာရင်း ကိစ္စများ ဆောင်ရွက်ပေးခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်မင်း (မြောင်းမြ)