မြောင်းမြ ၂၄ နိုဝင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club ) အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

 

44444

 

တွေ့ဆုံပွဲတွင် မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ့အသံသို့ ဒေသဆိုင်ရာ သတင်းများပေးပို့ပြီး ထူးချွန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့အသံချစ်သူအဖွဲ့ဝင် သတင်းထောက်များအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူး (အသံလွှင့်) ဒေါ်သိလ္လာစိုးက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

2222

 

ဆက်လက်၍ မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုပြသပြီး မြန်မာ့အသံ ဝန်ထမ်းများက မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး ဒေသခံများက ဒုံးယိမ်းအက၊ ဝါးညှပ်အကတို့ဖြင့် ပါဝင်ဖျော်ဖြေကြသည်။

 

55555

 

ထို့နောက် မြန်မာ့အသံ ရေဒီယိုအစီအစဉ်များဖြစ်သည့် ပြည်သူ့ကြားကစကားသံ၊ ရင်ခြွေမိုး (ဇာတ်လမ်းသရုပ်ပြ)၊ ပြုံးပဒေသာနှင့် မုသားနောက်ကွယ်ကဘဝများ အစီအစဉ်တို့ကို ကောက်နုတ်မိတ်ဆက် သရုပ်ပြသပြီး ပြည်သူ့အတွက် ထာဝရမြန်မာ့အသံသီချင်းကို အဖွဲ့လိုက်သီဆိုဖျော်ဖြေကြကာ အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာ့အသံချစ်သူအဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့အသံချစ်သူအဖွဲ့ဝင်များ စုစုပေါင်း အင်အား(၆၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

အလားတူ မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဆက်လက်ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

တင်တင်မြတ်

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}