မြောင်းမြ ၁၂ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၁၃၈၁ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့နှင့် လျော်ညီစွာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
“ယခင်နှစ်တွေက ဗဟိုမဏ္ဍပ် တစ်ခုနဲ့ မဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ မဟာရေကစားမဏ္ဍပ် စုစုပေါင်း ၂ ခုပဲရှိပါတယ်။ ဒီနှစ်မှာ ရေကစားမဏ္ဍပ်များ ပြုလုပ်ပြီး အများပြည်သူတွေ ပျော်ရွှင်စွာ ရေကစားနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီ တာဝန်ရှိသူထံမှ သိရသည်။
၁၃၈၁ ခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန်တော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် သင်္ကြန်ပွဲတော်ကာလအတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားရန် မတ် ၁၁ ရက် ညနေ ၃ နာရီက ကျင်းပသော ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက ပြောကြားသည်။

မြောင်းမြမြို့တွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း၊ ကော်မတီအလိုက် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ ဗဟိုမဏ္ဍပ်နေရာ ရွေးချယ်သတ်မှတ်ခြင်း နှင့် မြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ရေကစားမဏ္ဍပ်များ နေရာချ လျာထားသတ်မှတ်ခြင်း၊ ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့များ သတ်မှတ်ခြင်း၊ နေ့ည ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ ရေကစားသူများ ရေလုံလောက်စွာရရှိရေး စသည်တို့ကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)