မြောင်းမြ မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ ကုန်းသာကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာတွင် ရွှေဘုံသာမုနိကပ်ကျော်စေတီတော်မြတ်ကြီး၏စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍စတင်ခဲ့ပြီး မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဉီးစန်းဌေးနှင့် အလှူရှင်မိသားစုတို့က စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆရာတော်အရှင်သူမြတ်ကြီးများထံသို့ ဆက်ကပ်ခဲ့ပြီး စေတီတော်ကြီးအားလက်ယာရစ် (၃)ပတ်ပူဇော်ခဲ့သည်။ ဆက်လက်၍စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အားစေတီတော်မြတ်ကြီးသို့ လက်ဆင့်ကမ်းဆက်ကပ်ပူဇော်ခဲ့ပြီး ဆရာအရှင်သူမြတ်ကြီးများက ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထို့နောက်ဆရာတော်အရှင်သူမြတ်ကြီးများထံမှ မေတ္တာသုတ်ပရိတ်တရားတော်များနာယူ၍ ငါးပါးသီလခံယူဆောက်တည်ကာ ကုသိုလ်ကောင်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြမြို့နယ်မှ ဆရာတော်အရှင်သူမြတ်ကြီးများ၊ မြောင်းမြ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)