မြောင်းမြ ၁၃ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ဖွင့်လှစ်မည့် သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်မည့် လျှောက်ထားသူများအား သူနာပြုသင်တန်းကျောင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့ မြရွှေဝါခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း ဖြစ်ပေါ်လာပုံနှင့် သူနာပြုသင်တန်းကျောင်း တက်ရောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး (မြောင်းမြမြို့ သူနာပြုသင်တန်း ကျောင်းတာဝန်ခံ)က သင်တန်းကျောင်း၌ သင်ကြားမည့်ဘာသာရပ်နှင့် အလုပ်အကိုင်ရရှိရေး အကြောင်းများ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများက သိလိုသည်များ မေးမြန်းမှုကို ကျောင်းအုပ်ဆရာမကြီးက ပြန်လည် ဖြေကြားသည်။
"သူနာပြုသင်တန်းကျောင်းတက်ရောက်မယ်ဆိုရင် စေတနာ ၊ မေတ္တာ ၊ ဝါသနာ ၊ အနစ်နာ ခံယူနိုင်သူဖြစ်ရပါမယ် "ဟု ပုသိမ်သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ကပေါ်ရှီး က ပြောကြားသည်။
မြောင်းမြမြို့သူနာပြုသင်တန်းကျောင်းကို ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေမှ မြန်မာ နိုင်ငံတွင် ဒီဇိုင်း အလှဆုံး သူနာပြုသင်တန်းကျောင်း ပုံစံဖြင့် ကျပ်သန်းပေါင်း (၃၄၀ဝ၀)ကျော် အကုန်ကျခံကာ အောက်တိုဘာလအတွင်း အပြီးတည်ဆောက်လျှက်ရှိကာ နိုဝင်ဘာလလယ်ခန့်တွင် သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ရှိကြောင်း သိရသည်။
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် သူနာပြုသားဖွား ဒီပလိုမာ ပထမနှစ်သင်တန်းကို ပုသိမ် ၊ ဟင်္သာတ ၊ မြောင်းမြမြို့သင်တန်းကျောင်းများတွင် တက်ရောက်ရန် သင်တန်းသူ ၃၂၀ ခေါ်ယူမည်ဖြစ်ပြီး မြောင်းမြမြို့ တွင် ၈၀ တက်ရောက်ရမည်ဖြစ်ကြောင်း ပုသိမ်မြို့ သူနာပြု သင်တန်းကျောင်း ၊ ကျောင်းအုပ်ဆရာမကြီး ပြောကြားချက်အရ သိရသည်။
အောင်မင်း(မြောင်းမြ)


