မြောင်းမြ      ၂၃   စက်တင်ဘာ  


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သိမ်းဆည်းခံ လယ်ယာမြေများအား မူလတောင်သူများထံ ပြန်လည်ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက သိမ်းဆည်းမြေများ ပြန်လည်ပေးအပ်ခြင်း နှင့်စပ်လျင်း၍ ရှင်းလင်းပြောကြားပြီး မြောင်းမြမြို့နယ် ကညင်ဂဲကျေးရွာအုပ်စုနေ တောင်သူ ဦးအောင်ဝင်း၏ မြေယာ(၂.၂၅)ဧက၊ မြကန်သာရပ်ကွက် ရုံးပေါင်းစုံလမ်းနေ ဦးပေတူး(ခ)ဦးခင်ဝင်း၏ မြေယာ (ဝ.ဝ၆)ဧက၊ မြရတနာရပ်ကွက်နေ ဒေါ်အေးအေးအောင်၏ (ဝ.ဝ၃) ဧက နှင့် မြရတနာရပ်ကွက် ဘုရားကြီးကုန်းနေ ဒေါ်ခင်စန်းရီ၏ (ဝ.ဝ၂)ဧက တို့အတွက် လုပ်ပိုင်ခွင့်ကို  ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးတို့က ယာယီပုံစံ(၃)များကို မူလမြေယာပိုင်ရှင်များထံသို့ ပေးအပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ သိမ်းဆည်းခံ မူလမြေယာပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ခရိုင်ပြန်ဆက်