မောင်တော၊ ပင်လောင်းနှင့် သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဖေဖော်ဝါရီ

မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခွဲက မောင်တောမြို့နယ်၊ ကညင်တန်း(အလယ်) ကျေးရွာနေ မော်ဖီးဇူရော်မန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၁၆၅ ပြား ကိုလည်းကောင်း။

အလားတူ ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီခွဲက ပင်လောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စု၊ မိုးဦးကျေးရွာရှိ လမ်းမပေါ်တွင် တွေ့ရှိသူ ဒေါ်နန်းမှတ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၈၀ ကိုလည်းကောင်း။

ထို့အတူ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ပန်စုံကျေးရွာအဝင်၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုလမ်းမပေါ်တွင် အိုက်ခမ်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀ဝ နှင့် ဘိန်းဖြူ ၃ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)