မောင်တော  ၂၃    အောက်တိုဘာ

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာသင်ကြားခွင့် အခက်အခဲရှိနေသည့် ကျောင်းသား၊ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အဝေးသင်တက္ကသိုလ် မောင်တောဌာနခွဲဖွင့်လှစ်၍ ယခုနှစ် ပညာသင်နှစ်မှစတင်ပြီး သင်ကြားလျက်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန(မောင်တောဌာနခွဲ)မှ သိရှိရသည်။

“အခုနှစ်မှာ စစ်တွေတက္ကသိုလ်ကနေ ဘူးသီးတောင်နဲ့ မောင်တောဌာနခွဲတွေ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ရုံးဝန်ထမ်းတွေက ရခိုင်၊ ကမန်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ တက္ကသိုလ်ပညာသင်ကြားနိုင်ရေးအတွက် စာရင်းကောက် ယူမှုတွေပြုလုပ်နေပါတယ်။ နိုဝင်ဘာလ ၅ ၇က်ကနေ ၁၄ ရက်အထိ အနီးကပ်သင်တန်းတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ မောင်တောမှာ အခုနှစ်မှစတင် ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပါတယ်။ ဘူးသီးတောင်မှာ ၂၀၁၂ ခုနှစ် ကတည်းက သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ အခုဖွင့်လှစ်မယ့် အနီးကပ်သင်တန်းကို ဘူးသီးတောင်က ကျောင်းသား ၂၃၆ ဦး နဲ့ မောင်တောက ၇၆ ဦး တက်ရောက်ကြမှာဖြစ်ပြီး မြန်မာစာနဲ့ သမိုင်းအထူးပြုတွေ ဖြစ်ပါတယ်၊ ဆရာ ဆရာမက ဘူးသီး တောင်မှာ ၁၃ ဦး၊ မောင်တောမှာ ရှစ်ဦးနဲ့ လာရောက်သင်ကြားပေးမှာဖြစ်ပါတယ်။ စစ်တွေတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ တစ်သောင်းခန့် ရှိတဲ့အတွက် စစ်တွေတက္ကသိုလ်က ဆရာဆရာမတွေ သင်ကြားရေး မလုံလောက်တာကြောင့်  အဆင့်မြင့်ပညာဦးစီးဌာနမှ ရန်ကုန်အနီးဝန်းကျင်တက္ကသိုလ်တွေက ဆရာဆရာမတွေကို ခေါ်ယူပြီး ဘူးသီးတောင်နဲ့ မောင်တောကို စေလွှတ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ အခုမောင်တောဒေသကို သွားရောက်ကြမယ့် ဆရာ ဆရာမတွေ အခက်အခဲမရှိ သင်ကြားနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကူညီပေးပါတယ်” ဟု စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်က ပြောကြားသည်။

ယခုနှစ် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းသို့ မောင်တောဌာနခွဲတွင် ကျောင်းသားကျောင်းသူ ၇၂ ဦးနှင့် ဘူးသီးတောင်ဌာနခွဲတွင် ကျောင်းသားကျောင်းသူ ၂၃၆ ဦး တို့တက်ရောက်ကြမည့်အပြင် ရန်ကုန်မြို့ အနီးဝန်းကျင် တက္ကသိုလ်များမှ ဆရာဆရာမ ၂၁ ဦးကလည်း လာရောက်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။  

ကျော်သူဝင်း၊ အောင်ကျော်ဦး