မောင်တောဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် မေယုတောင်ကျော် ဖြတ်လမ်းနှစ်ခု ပေါ်ပေါက်လာတော့မည်

မောင်တော ၂၇ ဒီဇင်ဘာ 

 

ရခိုင်ပြည်နယ် မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် မေယုတောင်ကျော်ဖြတ်လမ်း နှစ်ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

 

အဆိုပါ လမ်းများဖောက်လုပ်နေမှုနှင့် စပ်လျဉ်း၍ ''ကျွန်တော်တို့ လမ်းဦးစီးဌာနအနေနဲ့ မေယုတောင်တန်းကြီး အရှေ့အနောက် တောင်ကျော် ဖြတ်လမ်းလေးခုထဲက နှစ်ခုကို ဒီနှစ် ပွင့်လင်းရာသီမှာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်၊ ပထမလမ်းကတော့ စေတီပြင် - အင်းဒင် - ကျောက်ပန္တု လမ်းဖြစ်ပြီး ဒုတိယလမ်းကတော့ ကြိမ်ချောင်း - ဂုပ္ပိ လမ်းဖြစ်ပါတယ်၊ ဒီလမ်းတွေကို ဖောက်လုပ်ပေးခြင်းအားဖြင့် မောင်တောဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုလာနိုင်မှာ ဖြစ်ပါတယ်''ဟု လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင် က ပြောသည်။

 

စေတီပြင် - အင်းဒင် - ကျောက်ပန္တုလမ်းသည် ရသေ့တောင်မြို့နယ် စေတီပြင်နှင့် မောင်တောမြို့နယ် ကျောက်ပန္တုတို့ကို ဆက်သွယ်ဖောက်လုပ်နေသော လမ်းဖြစ်သည်။ ယင်းလမ်းကိ်ု လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၁၇)က တာဝန်ယူ ဖောက်လုပ်နေခြင်းဖြစ်ပြီး အရှည်အားဖြင့် ၁ဝ မိုင် ၇ ဖာလုံရှိသည်။ ယာဉ်ယန္တရား ၂၆ စီးဖြင့် ကနဦး ၃၄ ပေအကျယ် မြေသားလမ်းရရှိအောင် ဆောင်ရွက်လျက်ရှိကာ ယင်းလမ်းပေါ်တွင် ရှစ်လက်မထု ကျောက်ခင်းလမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ၁၈ ပေအကျယ်ရှိ ကွန်ကရစ်လမ်း ခင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဤလမ်းပေါ်တွင် တံတားကြီးငယ် ၇၅ စင်း တည်ဆောက်သွားရန်လည်း လျာထားဆောင်ရွက်လျက်ရှိသည်။

 

ဒုတိယမြောက် မေယုတောင်ကျော်ဖြတ်လမ်းမှာ ကြိမ်ချောင်း - ဂုပ္ပိလမ်း ဖြစ်သည်။ ဤလမ်းသည် မောင်တောဒေသ မြောက်ပိုင်းတွင်ရှိပြီး အဆိုပါလမ်းကိုလည်း လမ်းအထူးအဖွဲ့ (၁၇)က တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည်။ အရှည်အားဖြင့် ၁၅ မိုင်ရှိကာ ယာဉ်ယန္တရား ၁၅ စီးဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါလမ်းပေါ်တွင် တံတားကြီးငယ် ၅၂ စင်းတည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်။ ယင်းလမ်းကိုလည်း ကနဦး မြေသား လမ်း ၃၄ ပေအကျယ်ရရှိအောင် ဆောင်ရွက်ပြီး ရှစ်လက်မထု ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ကာ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

မေယုတောင်တန်းကြီးသည် ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်ဝကို မျက်နှာမူလျက် တောင်မြောက်အနေအထား သွယ်တန်းနေခြင်းကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များသည် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း မေယုတောင်တန်းက အတားအဆီးသဖွယ် ဖြစ်နေသည်။ သို့သော်လည်း ယခု လမ်းမကြီးများကို နိုင်ငံတော်က ဆောင်ရွက်ပေးနိုင်မှုကြောင့် မေယုတောင်တန်း အရှေ့ဘက်ခြမ်းဒေသများနှင့် အနောက်ဘက်ခြမ်းဒေသများ ပိုမို ဆက်သွယ်ကူးလူး ယှက်နွှယ်သွားလာနိုင်ကြတော့မည် ဖြစ်သည့်အပြင် ဒေသဖွံ့ဖြိုးရေး၊ လုံခြုံတည်ငြိမ်အေးချမ်းရေးတို့အတွက်ပါ အထောက်အကူ ပြုလာနိုင်တော့မည် ဖြစ်ပါသည်။

 

သတင်း- မြင့်မောင်၊ ဇေယျာ


ဓာတ်ပုံ-နေဝင်းထွန်း