မောင်တောမြို့ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မောင်တော ဒီဇင်ဘာ ၇

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ်အဖြစ် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာ ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများမှတ်ယူခြင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေခြင်းကို စီစဉ်ဆောင်ရွက်ပေးသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ ၇၂၉၇ ဦးရှိပြီး သတ်မှတ်စုရပ် (၅၃)နေရာများတွင် (ဒုတိယ)အကြိမ်အဖြစ် ဒီဇင်ဘာ ၆ ရက်က အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၉ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၁၁ ဦး စုစုပေါင်း ၁၂၀ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ပြီး စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးစီးသူ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၇၄၇ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)