မောင်တော ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ်အဖြစ် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာ ကျောင်းများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများမှတ်ယူခြင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကြောင်း၊ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ ၇၂၉၇ ဦးရှိပြီး သတ်မှတ်စုရပ် (၅၃)နေရာများတွင် (ဒုတိယ)အကြိမ်အဖြစ် ကျောင်းသား/ကျောင်းသူများအား ဆက်လက်ထိုးနှံပေးကာ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးစီးသူ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၇၅၁ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


