မောင်တော နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက သတ်မှတ်စုရပ်နေရာ ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ပညာရေးဝန်ထမ်းများမှ စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး မိနစ် ၃၀ ခန့် အနားယူစေကြောင်း၊ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ ၇၂၉၇ ဦးရှိပြီး သတ်မှတ်စုရပ် (၅၃)နေရာများတွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်တွင် ၄၀၇ ဦးအား ထိုးနှံပေးခဲ့ပြီး စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၉၈၂ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။
သက်လွင်စိုး (ခရိုင် ပြန်/ဆက်)