မောင်တော ၁၀ အောက်တိုဘာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးအား ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၁၉ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် ယနေ့ နံနက် ၉ နာရီကဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များပေးအပ်ခဲ့ပြီး ဆေးရုံဆင်းလူနာများအား မိမိနေအိမ်တွင် (၇)ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့် လမ်းညွန်ချက်များအား တိကျစွာလိုက်နာကြဖို့မှာ ကြားခဲ့သည်။
ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကရုဏာကွန်ယက်အဖွဲ့ တာဝန်ရှိ သူများက နေအိမ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ယခုအခါ မောင်တောမြို့တွင် စက်တင်ဘာ ၁၀ ရက်မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူ အရေ အတွက်မှာ စုစုပေါင်း (၉၀) ရှိပြီး လက်ရှိတွင် မောင်တောပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ထံမှ သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)


