မောင်တော ၄ မတ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်၊ အလယ်ရွာ၌ မတ် ၄ ရက် နံနက် ၁ နာရီ ၁၀ မိနစ်က မီးလောင်မှုဖြစ်ပွားနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ဖုန်းသတင်းအရ မောင်တောခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး သန့်ဇင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျက် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်၊ အလယ်ရွာနေ မာမတ်အာလာမ် (၂၈)နှစ် (ဘ)ဆွေယဒ်အာမတ် နေအိမ်၏ မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းကာ ဘေးကပ်လျက်ရှိ နေအိမ်သုံးလုံးနှင့် လက်ဘက်ရည်ဆိုင်ခန်း(၂)ခန်းတွဲ တစ်ဆိုင် မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ဖြစ်သူ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်၊ အလယ်ရွာနေ မာမတ်အာလာမ် (၂၈)နှစ်အား မောင်တောမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး(ပြန်/ဆက်)