မောင်တောမြို့၌ ARSA အကြမ်းဖက်အဖွဲ့ဝင်(၁)ဦး ဖမ်းဆီးရမိ

နေပြည်တော် ၂၇   မေ 

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ(၄)၊ လိပ်ရ(မြောက်)ကျေးရွာ၌ မေ ၂၃ ရက်  နံနက် ၁၀ နာရီ ၄၅ မိနစ်က ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယား မြို့နယ်၊ ပါလောင် ခါလီကျေးရွာ၊ ဆာမားကူ ဒုက္ခသည်စခန်းမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ARSA အကြမ်းဖက်အဖွဲ့ဝင် မာမွတ်ဟာရှင်း(ခ)ဟာရှင်းမူလ္လာ(၂၂)နှစ်အား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးချက်အရ ၎င်းသည် မောင်တောမြို့နယ်၊ ကျီးကန်းပြင်(တောင်)ရွာ၌ နေထိုင်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားပြီး နောက်ရက်များတွင် မိဘများနှင့်အတူ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေး၍ ဆာမားကူ ဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဒုက္ခသည်စခန်းတွင် နေထိုင်စဉ်   ARSA တာဝန်ခံ မာဂျူဟာရ်(၃၅)နှစ်နှင့် အက္ကရာ(၃၀)နှစ်တို့က ဒုက္ခသည် စခန်းအား ထိန်းချုပ်အုပ်ချုပ်ထားပြီး ARSA အတွက် စည်းရုံး လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအနေဖြင့်လည်း ၂၀၁၈ ခုနှစ်ဆန်းပိုင်းတွင် ARSA အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း။

 

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဆာမားကူ ဒုက္ခသည်စခန်းမှ ၎င်းပါ လူငယ်(၂၀)၊ အခြား ဒုက္ခသည်စခန်း အသီးသီးမှ(၃၀) စုစုပေါင်း(၅၀) တို့သည် အကြမ်းဖက်သင်တန်းအား ဆာမားကူ ဒုက္ခသည်စခန်း၌ပင် (၁)လသင်တန်းတက်ရောက်ခဲ့ကြောင်း၊ ၎င်း၏ သင်တန်းသားအမှတ်မှာ ARSA-34 ဖြစ်ပြီး သင်တန်းတွင် လက်နက်ငယ်ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းနှင့် ကိုယ်ခံပညာများအား သင်ကြားခဲ့ရကြောင်း၊ သင်တန်းအတွက် လိုအပ်သော ရိက္ခာပစ္စည်းများအား ဘင်္ဂလားဒေ့ (ရှ်)ရှိ ဒုက္ခသည်စခန်းများ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ ထိုင်းနှင့်  နိုင်ငံအတွင်းရှိ ARSA အဖွဲ့အား ထောက်ခံသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ရန်ပုံငွေကောက်ခံရယူ၍ ထောက်ပံ့ခဲ့ကြောင်း။

 

ဆာမားကူ ဒုက္ခသည်စခန်းတွင် ၎င်းအပါအဝင် ARSA သင်တန်းဆင်းပြီးသူ(၄၀)ခန့်ရှိပြီး တစ်ဆောင်လျှင် (၈)ဦးခန့်စီဖြင့် အခြားဒုက္ခသည်များနှင့်အတူ ရောနှောနေထိုင်ကြောင်း၊ မေ ၂၂ ရက်တွင် အက္ကရာနှင့် စကားများ ရန်ဖြစ်ရာမှ ဓားမြှောင်နှင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း၊ ငါးဖမ်းလှေ တစ်စီးအား တာကာ ငွေ ၂၀ဝဝ ပေး၍ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ခိုင်းပြီး နယ်စပ်ခြံ စည်းရိုးအား ကျော်ဖြတ်၍ ကျီးကန်းပြင် (တောင်)ရွာရှိ ဦးလေးဖြစ်သူ ဇာဖောအာမတ်ထံ သွားရောက်ရန် ထွက်ခွာလာစဉ် လုံခြုံရေးအဖွဲ့များနှင့်တွေ့ရှိ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆို သိရှိရသဖြင့် ၎င်းအား ကြိမ်ချောင်းနယ်မြေရဲစခန်း (ပ)၆/၂၀၁၉၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

 

(သတင်းစဉ်)