မောင်တော  အောက်တိုဘာ  ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ အား(ပထမ)အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတုတ္တနေ့အဖြစ်  သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ  ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  ပညာရေးဝန်ထမ်းများမှ  စာရင်းများမှတ်ယူခြင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံ သည့် အခြေခံပညာကျောင်းများရှိ  အသက် ၁၂နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား  နှာခေါင်းစည်းများဖြန့်ဝေ ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေး ကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေ ပြီး ကာကွယ်ဆေးထိုးနှံနေမှုများအား  ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့သည်။  

မောင်တောမြို့နယ်အခြေခံပညာကျောင်းများ၌ စုရပ် ၅၃ နေရာတွင် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူ ၇၂၉၇ ဦးရှိပြီး (ပထမ)အကြိမ်အဖြစ် အောက်တိုဘာ  ၁၇ ရက်နေ့မှ ၂၂ ရက်အထိ  ကာကွယ်ဆေးထိုးနှံပြီးစီးသူ ကျောင်းသား၊ သူ  ၃၃၀၅ ဦးနှင့် အောက်တိုဘာ ၂၃ ရက် စတုတ္တနေ့တွင်  သတ်မှတ်စုရပ် ကျောင်း ခုနစ်နေရာရှိ လျာထားကျောင်းသား၊ သူ ၄၇၃ ဦးအား  ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။  

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)