မောင်တော     ဇူလိုင်  ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့်ညွှန်ကြားချက်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင် ၂၄ ရက်က နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း ဟူ၍ နှစ်ချိန်ခွဲ၍ မြို့ပေါ် ရပ်ကွက် များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီး အရာရှိ ဦးဇော်ဇော်ဆန်းနှင့် ဝန်ထမ်းများ၊  မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မျိုးကျော်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်းပြီး အသိပညာပေးခဲ့ရာတွင် ယခုအခါ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဇူလိုင် ၂၃ ရက်နေ့ထိ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့သူနေ့စဉ်များပြားလာလျက်ရှိပြီး သေဆုံးမှုများလည်း ရှိနေသည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံရစေရေးနှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ  မိမိနေအိမ်တွင်သာ နေထိုင်ရေး၊ မလိုအပ်ဘဲနေအိမ်ပြင်ပသို့ မထွက်ခွာပါရန်၊ ဧည့်သည်များလက်မခံကြရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်း စည်းတပ်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ကွာကွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း ၊ အားအင်ကုန်ခမ်းခြင်း စသည့်လက္ခဏာများဖြစ် ဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား ရောက်ပြသကြရန်  လိုအပ်ကြောင်း စသည့်အချက် ၁၁ ချက် ပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက်  မြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံကြေငြာခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)