မောင်တော   ၁၈  စက်တင်ဘာ  


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မာတီဆာအပြည်ပြည်ဆိုင်ရာ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့၊ CERA (Community Empowerment and Resilience Association) ရပ်ရွာ လူထု စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေး အဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ လျော့ချရေး(ဆင်ပွား)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှမှ အဖွင့်အမှာ စကား ပြောကြားရာတွင် သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့ ပညာ ရပ်များကို မိမိတို့ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မောင်တော ခရိုင်ရုံးမှ ခရိုင်ဦးစီး ဦးမောင်မောင်ကြီးက သဘာဝဘေးအန္တရာယ်နှင့် ပတ်သတ်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင် မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေ ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့ ၊ CERA (Community Empowerment and Resili -ence Association ) ရပ်ရွာ လူထုစွမ်း ဆောင်ရည် မြှင့်တင်ရေးနှင့် ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေး အဖွဲ့တို့ တက်ရောက်ကာ သက်ဆိုင်ရာ ဌာန/ အဖွဲ့အသီးသီးမှ ကဏ္ဍအလိုက် ဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ လျော့ချရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ကြရာ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေး/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေးအဖွဲ့တို့မှ တာဝန်ရှိသူများက အပြန် အလှန်ဆွေးနွေးခဲ့သည်။


သင်တန်းတွင် သင်တန်းသား/သူ (၄၃)ဦးခန့် တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၈-၉-၂၀၁၉) မှ (၂၀-၉-၂၀၁၉)ရက်နေ့ထိ  သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ 


သက်လွင်စိုး(ပြန်/ဆက်)