မောင်တော ၂၄ မတ်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ယနေ့ နံနက် ၉ နာရီက မြို့ဝင်မုခ်ဦးသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မြို့ဝင်မုခ်ဦးသည် မြို့တစ်မြို့၏ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုး သာယာဝပြောမှု၊ ကြွယ်ဝမှုဂုဏ်ကို ဖော်ဆောင်သည့် အမှတ်သင်္ကေတ ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက မောင်တောမြို့သည် အနောက်တံခါးမြို့တစ်မြို့ ဖြစ်သည်နှင့်အညီ ခမ်းနားထည်ဝါစွာ မြို့ဝင်မုခ်ဦးသစ်အား တည်ဆောက်ခွင့်ရရှိရေး ဆောင်ရွက်မှု အခြေနေနှင့် စပ်လျဉ်း၍ ပြောကြားသည်။
မောင်တောမြို့ဝင် မုခ်ဦးသစ်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တင်ဒါပိုလျှံရန်ပုံငွေ ကျပ်သိန်း ၈၀၀ ဖြင့် တင်ဒါခေါ်ယူကာ တာဝန်ယူတည်ဆောက်မည့် ကုမ္ပဏီမရှိသည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအသစ်ဖွင့်လှစ်သည့် မြို့ဝင်မုခ်ဦးသစ်သည် ယခင် မိုရာမုန်တိုင်းကြောင့် ပျက်စီးခဲ့သော မုခ်ဦးဟောင်းနေရာမှ အရှေ့ပေ (၁၀၀)ခန့်အကွာ တည်ဆောက်ထားပြီး အလျား ၃၈ ပေ၊ အမြင့် ၂၀ ပေရှိကြောင်း မြို့ဝင်မုခ်ဦးသစ် တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဦးရွှေမောင်က ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက မောင်တောမြို့ဝင် မုခ်ဦးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
MDN


