မောင်တောမြို့၌ ရိတ်သိမ်းပြီး မိုးစပါးများ ထိန်းသိမ်းသိုလှောင်ရေးနှင့် မြိုတိုင်းရင်းသားများအတွက် ကျေးရွာသစ် ဖော်ထုတ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

မောင်တော ၃ နိုဝင်ဘာ

 

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်သည် ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံခရသည့် မြိုတိုင်းရင်း သားများအတွက် ကိုင်းကြီး(မြို)ရွာသစ် တည်ဆောက်နိုင်ရေးနှင့် ရိတ်သိမ်းပြီး မိုးစပါးများ အလေအလွင့် မရှိစေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်သည်။

 

ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးသည် နံနက် ၉ နာရီတွင် နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ဓားခုတ်ခံရသဖြင့် မောင်တောဆေးရုံ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသော သရီကုန်းဘောင် ကျေးရွာနေ ဦးလှသန်းမောင်အား သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ 

 

ထို့နောက် သရီကုန်းဘောင် ကျေးရွာသို့သွားရောက်၍ ကျေးရွာသားများနှင့် တွေ့ဆုံကာ ဖြစ်စဉ်ဖြစ်ပွားခဲ့မှု အခြေအနေကို အသေးစိတ်မေးမြန်းပြီး ယခုလုပ်ရပ်သည် ဥပဒေမဲ့လုပ်ရပ်များ ဖြစ်သဖြင့် ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး စုံစမ်းဖော်ထုတ်၍ တရား ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် အကြမ်းဖက်တိုက် ခိုက်ခံခဲ့ရသည့် မြိုတိုင်းရင်းသားများအတွက် လုံခြုံပြီး လွယ်ကူအဆင်ပြေစွာ သွားလာနေထိုင်နိုင်ရေးအတွက် ကျေးရွာသစ်အဖြစ် ဖော်ထုတ်နေရာ ချထားမည့် မြေနေရာအကျယ်အဝန်း၊ ပတ်ဝန်းကျင် အခြေအနေများကိုလည်းကောင်း၊ ရိတ်သိမ်းပြီး မိုးစပါးများ အလေအလွင့်မရှိ ထိန်းသိမ်း သိုလှောင် နိုင်ရေးအတွက် အလယ်သံကျော် ကျေးရွာ၌ နေလှန်းအခြောက်ခံနေမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုခဲ့သည်။ မြိုတိုင်းရင်းသားများအတွက် ကျေးရွာသစ်ကို ကိုင်းကြီးကျေးရွာအုပ်စု (နတလ) ရွာအနီးတွင် အကျယ်အဝန်း လေးဧကကျော်တွင် အိမ်ခြေ ၅ဝ အတွက် အကွက်ချ ဖော်ထုတ်သွားမည်ဖြစ်ပြီး စာသင်ကျောင်းနှင့် ဆရာ ဆရာမများ နေထိုင်ရန် ဝန်ထမ်းအိမ်ရာများကိုပါ ထည့်သွင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။