နေပြည်တော်  ၆ မေ

ရခိုင်ပြည်နယ်မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာအနီးတွင် ARSA အကြမ်းဖက်သမားများ သိုဝှက်ထားသော စားသောက်ဖွယ်ရာများကို သိမ်းဆည်းရမိကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်း လုံခြုံရေးအတွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း တစ်လျှောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ်ဒေသလုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိကြောင်း။

 

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင်အမှတ်ဘီပီ-၄၁ ၏ မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား မိုင်းထောင်၊ မိုင်းဆွဲခြင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်းများကို ပြုလုပ်လျက်ရှိသည့် ARSA အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေသူ နှစ်ဦးအား ဒေသန္တရလက်လုပ်မိုင်း တစ်လုံး၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ အသေဖမ်းဆီးရမိသည့် သတင်းနှင့် မေ ၂ ရက်တွင် ဘီပီ-၄၁ အနီး နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ARSA အကြမ်းဖက်သမားများက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းမှ ချောင်းမြောင်းပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ သတင်းတို့အား သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အထက်ပါဖြစ်စဉ်နေရာနှင့် နယ်စပ်မျဉ်း တစ်လျှောက် လုံခြုံရေးအား ဆက်လက်

ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၇ နာရီခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် အမှတ်၊ ဘီပီ-၄၀ နှင့် ၄၁ ကြား မောင်တော မြို့နယ် ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာနေရာသို့ အရောက်၌ ချုံပုတ်တစ်ခုအတွင်းမှ မိုးကာ စအမည်းရောင်ဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် ၁၆ လုံးအား မသင်္ကာဖွယ်တွေ့ရှိ သဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ဆား တစ်အိတ်လျှင် သုံးပိဿာခန့်ပါ နှစ်အိတ်၊ နနွင်းမှုန့် တစ်ထုပ်လျှင် တစ်ပိဿာ ခန့်ပါ ၅၅ ထုပ်၊ အရောင်တင်မှုန့်တစ်ထုပ်လျှင် နှစ်ပိဿာခန့်ပါ ၁၉ ထုပ်၊ ခြင်ဆေးခွေ ၁၈၂ဘူး၊ WFP တံဆိပ်ပါ | ပဲနီလေး ၄၈ ထုပ် (၄ ဒသမ ၆ ကီလိုဂရမ်) နှင့် ဆီဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။

 

အလားတူ ဧပြီ ၈ ရက်တွင်လည်း ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့် အကွာရှိ တဲနှစ်လုံး အတွင်းမှ ARSA အကြမ်းဖက်သမားများ သိုဝှက်ထားသော ၅.၅၆ ကျည် ၁၀ တောင့်၊ လမ်းလျှောက် စကားပြောစက် တစ်လုံး၊ ပြောက်ကျားဝတ်စုံ တစ်စုံ၊ လည်တိုဖိနပ် နှစ်ရံ၊ အာလူးတစ်အိတ်၊ ဆေးမျိုးစုံ တစ်အိတ်၊ လက်ကိုင်ဖုန်း တစ်လုံး၊ မှန်ပြောင်း တစ်လက်၊ အလျား ၃ ပေ၊အနံ ၂ ပေရှိ ပလတ် စတစ်အိတ် ၅၀၊ တစ်ဖက်နိုင်ငံဒုက္ခသည်စခန်း များတွင် UNHCR မှ ထုတ်ပေးထားသည့် ကတ်ပြား တစ်ခု၊ WFP တံဆိပ်ပါ ဆန် ခြောက်အိတ်၊ ဆီဘူး ၄၀ တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း။

 

ARSA နှင့် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် စစ်ဘေးရှောင်စခန်းများသို့ NGO / INGO အဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းများအား နည်းလမ်းမျိုးစုံဖြင့် ရယူသုံးစွဲနေခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်