မောင်တော ၁၂ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၌ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခွဲက မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုနှစ်စု ကျား ငါးဦး၊ မခြောက်ဦး လူဦးရေ ၁၁ ဦးအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ စိစစ်မှတ်တမ်းတင်ခြင်းအား ဆောင်ရွက်ရာတွင် အိမ်ထောင်စု နှစ်စုရှိ အသက် (၁၀)နှစ်အထက် ကျား နှစ်ဦး၊ မသုံးဦး ပေါင်းငါးဦးတို့အား NV Card ထုတ်ပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား မွန်းလွဲ ၁ နာရီခွဲတွင် ပြီးစီးခဲ့သည်။

 

ဆက်လက်၍ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်း က လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းသို့ လွှဲပြောင်းပို့ဆောင်ရာ လှဖိုးခေါင် စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက လွှဲပြောင်း/ လက်ခံ ဆောင်ရွက်ကြပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ မီးဖိုချောင်သုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စုနှစ်စု လူဦးရေ ၁၁ ဦးတို့သည် ယခင်နေရပ် မောင်တောမြို့နယ် ငါးခူရကျေးရွာမှဖြစ်ပြီး ငါးခူရကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်အား လွှဲပြောင်းပေးအပ်ခဲ့ကာ ညနေ ၄ နာရီတွင် စခန်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

 

ဇော်ဇော်ဆန်း ၊ မြင့်ခိုင်၊

သက်လွင်စိုး (ပြန်/ဆက်)