မောင်တော စက်တင်ဘာ     ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အင်ဂျင်နီယာ များပါဝင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက   ဝေသာလီ-ဥဒေါင်း ကားလမ်းတွင် လမ်းများ ပျက်စီး၊ ယိုယွင်းနေမှုကြောင့် ယာဉ်သွားလာမှု အခက်အခဲများ ဖြစ်ပေါ်နေသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေသာလီ-ဥဒေါင်းသွား (၁၃/၀)မိုင် ကားလမ်းသည် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် လမ်းအကျယ် ၁၂ ပေသာရှိသဖြင့် တစ်ဖက်နှင့် တစ်ဖက် ရှောင်တိမ်းရန် မလွယ်ကူသည့်အပြင် လမ်းပျက်စီးမှုကြောင့် ယာဉ်ရှောင်တိမ်း ရာတွင် တိမ်းမှောက်မှုများ ဖြစ်ပေါ် နိုင်ခြင်း၊ လမ်းပျက်စီးမှုကြောင့် ကုန်စည်စီးဆင်းခြင်း ရပ်တန့်မှုမရှိစေရန်အတွက်  မဖြစ်မနေ လတ်တလောပြုပြင်ထိန်းသိမ်းနိုင်ရန် လမ်းပျက်စီးမှုအပိုင်း ၁၈ နေရာအား စစ်ဆေးတွေ့ရှိရပြီး အဆိုပါ လမ်းပျက် စီးမှုအား အမြန်ဆုံးပြုပြင် ထိန်းသိမ်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကုန်တင်ကားကြီးများအနေဖြင့် မောင်တောမြို့သို့ ကုန်ပစ္စည်းများနှင့် ဝင်ရောက်လာပါက ဥဒေါင်း-ဝေသာလီ-မောင်တော လမ်းအတိုင်း အသုံးပြုကြရန်နှင့်  မောင်တောမြို့မှ ပြန်လည်ထွက်ခွာပါက  မောင်တော-ကညင်တန်း-အလယ်သံကျော်-ဥဒေါင်းလမ်းအတိုင်း အသုံးပြုသွားလာရမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)