မောင်တောမြို့နယ်မှ ငါးရှာထွက်သော ရွာသားနှစ်ဦးအား အမည်မသိလူတစ်စုက တိုက်ခိုက်

မောင်တောမြို့နယ် ကြိမ်ချောင်း(အလယ်) ကျေးရွာမှ လောင်းလှေဖြင့် ငါးရှာထွက်သူ ရွာသားနှစ်ဦးအား လူတစ်စုက ပြူးမချောင်းအတွင်း ယမန်နေ့ညပိုင်းက ဝိုင်းဝန်းတိုက်ခိုက်သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

 

မောင်တောမြို့နယ် ကြိမ်ချောင်း(အလယ်ရွာ)မှ မောင်သာလှနှင့် စောထွန်းဦးတို့ နှစ်ဦးသည် ယမန်နေ့ညပိုင်းက လောင်းလှေတစ်စီးဖြင့် ပြူးမချောင်းအတွင်း ငါးရှာထွက်ခဲ့ပြီး ဒီရေကျချိန်စောင့်ဆိုင်းနေစဉ် ည (၁၁) နာရီခန့်တွင် အထက်ပြူးမရွာဘက်မှ အမည်မသိလူတစ်စုက လောင်းလှေနှစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့၏လောင်းလှေအား ညှပ်၍ ပြူးမချောင်း အနောက်ဘက်ကမ်း၊ ကမ်းပါးပေါ်သို့ခေါ်ဆောင်စဉ် မောင်သာလှမှာ ရေထဲခုန်ဆင်းပြေးသဖြင့် အမည်မသိသူများက လှေပေါ်မှဓားဖြင့်ခုတ်ရာ မောင်သာလှမှာ ဓားခုတ်ဒဏ်ရာ (၅)ချက် ရခဲ့ကြောင်း၊ ဆက်လက်၍ စောထွန်းဦးအား ကမ်းပါးပေါ်သို့ ခေါ်ဆောင်ပြီး လူ(၃)ဦးမှ အခြားဘာသာစကားဖြင့် ဆဲဆို၊ ထိုးကြိတ်၊ ကန်ကျောက်ခြင်း ပြုလုပ်ခဲ့ရာ စောထွန်းဦးက ရုန်းကန်ထွက်ပြေး၍ လှေဖြင့်တစ်ဘက်ကမ်းသို့ကူးပြီး အကူအညီတောင်းခံခဲ့ရာမှ အထက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားဆယ်ဦးခန့် ရောက်ရှိလာသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း၊ မောင်သာလှမှာ ရေကူး၍ လွတ်မြောက်လာခဲ့ကြောင်း အမည်မသိသူများနှင့် လှောင်းလှေနှစ်စီးမှာ ပြူးမချောင်းအတိုင်း နတ်မြစ်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် မောင်သာလှမှာ ကြိမ်ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။ 

 

ခရိုင်(ပြန်/ဆက်)