မောင်တော ၂၃ ဧပြီ
မောင်တောမြို့နယ် တောင်ပြို(ယာ) နယ်မြေရုံးမှ ကြိမ်ချောင်းနယ်မြေရုံးသို့ လုံခြုံရေး လိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်တစ်စီးအား ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ဇီးပင်ချောင်းလမ်းဆုံနှင့် လိပ်ရလမ်းဆုံကြား၌ ARSA အဖွဲ့ နှစ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိ တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ယာဉ်မောင်း ရဲဒုတပ်ကြပ် ရှိုင်းထက်အောင်၏ ယာမျက်လုံး ယမ်းငွေ့ရိုက်သည့် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် အဆိုပါ နေရာအား တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း ရှင်းလင်းလျက်ရှိ ကြောင်း ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းရှာဖွေရာ တိုက်ပွဲဖြစ်ပွားသည့် နေရာ၏ အရှေ့တောင်ဘက် မီတာ ၅၀ ခန့်အကွာရှိ မိုင်းဆွဲသည့် တောင်ကုန်းနေရာမှ ၅ ဒသမ ၅၆ နှင့် ၇ ဒသမ ၆၂ ကျည်ခွံများ၊ လက်လုပ်မိုင်းတစ်လုံးတို့ကို တွေ့ရှိရကြောင်း၊ ထို့ပြင် တစ်ဖက်ပိတ် သံပိုက်အတွင်း ဘောစိနှင့် ယမ်းများထည့်သွင်းထားသော ကိုက် ၅၀ ခန့်ရှိ ဝါယာကြိုးတပ်ဆင်ထားသော အချင်း သုံးလက်မ၊ အရှည် ၃ ပေခန့်ရှိ သံပိုက်လုံး တစ်လုံး၊ ဘတ္ထရီအိုးဟောင်း သုံးလုံး တို့ကို လည်းကောင်း၊ တိုက်ပွဲဖြစ် နေရာ၏ အရှေ့မြောက်ဘက် မီတာ ၁၀ဝ ခန့်အကွာ တောင်ကုန်းပေါ်၌ ထမင်းထုတ်၊ ရေသန့် ဗူးခွံ၊ အနွေးထည် တစ်ထည်၊ သံတူရွင်း တစ်ချောင်းနှင့် ကျည်ခွံများအား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ မိုင်းထောင် ဖောက်ခွဲသူများအား ကြိမ်ချောင်းရဲစခန်း၌ အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)


