မောင်တောမြို့နယ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် AA / ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွား

နေပြည်တော် ၁၄  ဖေဖော်ဝါရီ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ယနေ့ နံနက်ပိုင်းက နယ်မြေလမ်းကြောင်း လုံခြုံရေး ဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် AA / ARSA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ တစ်ဦးကျဆုံးကာ  အကြမ်းဖက်သောင်းကျန်းသူများဘက်မှ လက်နက်ခဲယမ်းများ၊ အာရ်ဗီ ဘာသာဖြင့် ပုံနှိပ်ထားသော စာအုပ်တစ်အုပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်စိတ်တစ်စိတ်သည် မောင်တောမြို့ နယ် ဗန္ဓုလ - ခမောင်းဆိပ် - ကြိမ်ချောင်းသွားကားလမ်း ကာလာဒေးဗတ်ကျေးရွာအနီး ရဲဘောက်ချချောင်းတံတားထိပ်တွင် နယ်မြေလမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေစဉ်  နံနက် ၂ နာရီခွဲခန့်တွင်  AA / ARSA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအင်အား ၃၀ ခန့်က ကားလမ်း၏ အနောက်ဘက်မှ အရှေ့ဘက်သို့ ဖြတ်သန်းလာသည်ကို တွေ့ရှိသဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၄ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းက စစ်ကူရောက်ရှိလာပြီး ပူးပေါင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူများသည် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မိမိဘက်မှ ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ ကျန်ရစ်ခဲ့သည့် သွေးစွန်းနေသော ပျောက်ကြားဝတ်စကုတ် တစ်ထည်၊ အမ် - ၂၂ ကျည်အိမ် သုံးခု၊ ခဲယမ်းမျိုးစုံ ၂၉ တောင့်၊ လက်လုပ်လက်ပစ်ဗုံး နှစ်လုံး၊ စကားပြောစက် တစ်လုံး၊ ရီမုခလုတ် တစ်ခု၊ ဝါယာကြိုးခွေ တစ်ခွေ နှင့် အာရ်ဗီ ဘာသာဖြင့် ပုံနှိပ်ထားသည့် စာအုပ်တစ်အုပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းလျက် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

(သတင်းစဉ်)

 

mdn